မြေယာနှင့် သဘာဝသယံဇာတအရေး လုပ်ဆောင်နေကြသည့် အရပ်ဖက်အဖွဲ့အစည်းများနှင့် မြေယာနှင့် သဘာဝသယံဇာတအရေး စိတ်ဝင်စားသည့်သူများအတွက် မြေပြင်တွင် လက်တွေ့ဆောင်ရွက် အသုံးပြုနိုင်ရန် အတွက် ရည်ရွယ်ပြီး ဤလူထုပူးပေါင်းပါဝင်သော သုတေသနလုပ်ငန်း(PAR) လမ်းညွှန်စာအုပ်အား ထုတ်ဝေထားခြင်း ဖြစ်ပါသည်။ PAR သုတေသန၏ ဆောင်ရွက်မှုများသည် တွေ့ရှိလာသော သုတေသနရလဒ်များကို ဒေသခံပြည်သူများနှင့် အတူတကွ ဆွေးနွေးခြင်း၊ ဒေသခံပြည်သူများ၏ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ကိုယ်တိုင်ရွေးချယ် ဆုံးဖြတ်ခြင်း၊ ကြုံတွေ့လာနိုင်သော ပဋိပက္ခများကို မည်သည့် နည်းလမ်းများအသုံးပြုပြီး ကျော်လွှား သင့်သလဲ ဟူသော အစီအစဉ်များ အသေးစိတ် ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ အကောင်အထည် ဖော်ဆောင်ရွက်၍ ရရှိလာသော ရလဒ်များကို မူဝါဒချမှတ်ခြင်းစသည့် လုပ်ငန်းများ အဆင့်အထိ ဆောင်ရွက် နိုင်ပြီး မူဝါဒများ နိုးဆော်နိုင်မည့် နည်းလမ်းအဖြစ် အသုံးပြုနိုင်သည့် နည်းလမ်း တစ်ခုဖြစ်ပါသည်။ သို့သော် ဤစာအုပ်တွင် PAR သုတေသန လုပ်ငန်းတစ်ခုကို ဆောင်ရွက်နိုင်မည့် အခြေခံသဘောတရားများ၊ လုပ်ထုံးလုပ်နည်းများ၊ ပြည်သူ့အကျိုးကို ဦးဆောင်မည့် ကွင်းဝန်ထမ်းများ၏ လိုက်နာရမည့် အကြောင်းအရာ များ၊ ဆောင်ရန်/ ရှောင်ရန်များ၊ PAR အသုံးပြုမည့် လူထုပူးပေါင်း ပါဝင်သော နည်းလမ်းများ၊ အဓိက တာဝန်ဖြစ်သော ပံ့ပိုးကူညီသူတစ်ဦး၏ တာဝန်ဝတ္တရားများကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ရန်အတွက်သာ ရွေးချယ်ကောက်နှုတ် ထားခြင်းဖြစ်ပါသည်။ PAR ၏ အလုံးစုံပြီးပြည့်စုံသော လက်စွဲစာအုပ် မဟုတ်သော် လည်း လက်တွေ့မြေပြင်တွင် အကောင်အထည်ဖော်မည့် သုတေသီများအတွက် အခြေခံလိုအပ်သည့် သိသင့်သိထိုက်သည့်အချက်များ၊ လိုက်နာကျင့်သုံးရမည့် အချက်များနှင့် ထည့်သွင်း စဉ်းစားရမည့် အကြောင်း အရာများကိုသာ ကောက်နှုတ် ရေးသားထားခြင်း ဖြစ်ပါသည်။